Thursday, April 29, 2010

အိမ်

အိမ်..။

birds-flying1.jpg

အဲဒီနေ့ က
ငါ့ဘေးနားကကပ်လျက်ပျံလာတဲ့ ကောင်တွေကိုကြည့်ပြီး ငါလဲပျော်လာခဲ့တယ်.။
ကျောမှာ အပြာစင်းနဲ့  ကောင်ဆို လည်ကိုမော့လိုက် သူ့ တောင်ပံညိုရင့်ရင့်တစုံကို အားယူပြီးခတ်နေတာ.
ငါတို့ မျက်နှာတည့်တည့်ကို လာတိုးနေတဲ့ လေဟုန်တွေကိုဖြိုခွင်းပြီး ပျံဝဲနေပုံများ..တကယ်အားရတယ်။
သူတို့  ထဲမှာ ဒီိကောင်က အင်အားလဲကြီးပုံရပါတယ်။ကျန်တဲ့ကောင်တွေကလည်း၊သူ တောင်ပံခတ်ရင် လိုက်ခတ်၊သူက ပျံသန်းနေတဲ့ အရှိန်ကို နဲနဲမြှင့်လိုက်တာနဲ့ လိုက်မြှင့်၊သူက တည့်တည့်ပျံသန်းနေရာက လမ်းကြောင်းကိုနဲနဲဝိုက်လိုက်တာနဲ့ လိုက်ဝိုက်၊ကြည့်လို့ ကလည်းကောင်းမှကောင်း။
ငါကတော့ မကြာကြာနောက်မှာပြတ်ကျန်တတ်တယ်။
ငါတို့ က တိမ်တွေရဲ့အထက်ကိုလဲရောက်ခဲ့တယ်။တိမ်ဖြူတိမ်လိပ်တွေကိုလည်းတိုးဝှေ့ ခဲ့တယ်။
ငါတို့ ရဲ့ အောက်မှာလူနေအိမ်တွေ၊လယ်ကွင်းပြင်တွေ၊ တောင်တန်းတွေ၊ မြစ်ချောင်းတွေ ကျန်ခဲ့လေရဲ့။
အတိုင်းအဆမရှိတဲ့ ဒီမိုးကောင်းကင်ပေါ်တက်ခါစကဆို မြေပြင်နဲ့ သိတ်မလွတ်သေးတော့ ပြေးလွှားဆော့ကစားနေတဲ့ ခလေးငယ်တွေရဲ့ အော်ဟစ်အားပေးသံတွေတောင် ကြားခဲ့ရသေးတယ်။
ပျံရင်းလွှားရင်း ၊အရှိန်တွေမြင့်လာခဲ့တယ်။မောရမှန်းတောင် မသိပါဘူး။
တခါတခါ ခုနက ကျောစင်းအပြာနဲ့ ကောင်က အသံပေးတယ်။သူ့ အသံကအကျယ်ကြီးဘဲ။
နားထောင်လို့ တောင်ကောင်းသေး။
သူ့ တဖက်တချက်ကကောင်တွေကလဲ သူ့ အသံကိုကြားတာနဲ့ လိုက်အော်ကြတယ်။
ဆူညံနေတာဘဲ။ကောင်းကင်တခွင်လုံးငါတို့ အုပ်စုဘဲရှိသလိုထင်ရတယ်။
သူတို့ အော်တိုင်းငါလိုက်မအော်ခဲ့မိဘူး။အော်ဘို့ မေ့လောက်အောင်ငါပျော်နေလို့ ။
နောက်တခါတော့ ငါလိုက်အော်မယ်။
ဒီလိုနဲ့  တော်တော်လေးကြာလာတော့ ပျံသန်းနေတဲ့ အရှိန်ကို ရုတ်တရက် ကျောစင်းပြာကောင်ကလျှော့ချလိုက်တယ်..။
ကျန်တဲ့ ကောင်တွေလည်းလိုက်လျှော့တယ်။
ငါလည်းလိုက်လျှော့ရတော့တာပေါ့။
ခုမှသတိထားမိတယ်..မြေပြင်နဲ့ တော်တော်နီးနေပြီ။အချိန်ကလဲ နေတောင်ဝင်စပြုနေပြီပဲ။
သူတို့ ပျံသန်းလာတဲ့ အရှိန်ကိုတဖြေးဖြေးချင်းချပြီး သစ်တောအုပ်တအုပ်ရဲ့အစပ်မှာ ခြေချလိုက်ကြတယ်။
ခြေကျသွားတဲ့ အချိန်မှာ ကျောစင်းပြာက ရပ်နားဘို့ အတောင်ခေါက်ရင်း အသံတချက် အကျယ်ကြီးအော်လိုက်တယ်။ကျန်အကောင်တွေလိုက်အော်တယ်။သူတို့ အော်သံမှာ ပျော်ရွှင်မှုတွေအပြည့်ပဲ။
အဲဒါနဲ့  ငါလဲ သတိတရ၊ဝမ်းသာအားရ လိုက်အော်လိုက်တယ်။
ဒါပေမဲ့သူတို့ အားလုံးရဲ့အော်သံတွေကြားမှာ ငါ့အသံက တဘာသာထွက်လာတယ်။
ငါ့ရဲ့အသံကြောင့် အားလုံးတိတ်သွားတယ်။ကျောစင်းပြာကစပြီး ငါ့ကိုလှည့်ကြည့်လိုက်တယ်။
ကျန်တဲ့ အကောင်တွေကလည်းအခုမှသတိထားမိပြီးငါ့နားကိုရောက်လာကြတယ်။
ငါ့ဘေးပတ်ပတ်လည်မှာသူတို့ အားလုံးဝိုင်းမိသွားကြပြီ။
ငါကြောက်ဘို့ တောင်မေ့ပြီး ရပ်နေမိတယ်။သေချာကြည့်တော့မှ သူတို့ အားလုံးဟာ အညိုရောင်အမွှေးအတောင်တွေနဲ့  ကိုယ်လုံးကိုယ်ထည် ငါ့ထက်ကြီးမားတဲ့ ကောင်တွေ ဖြစ်ပြီး
သူတို့ ကြားမှာ ငါ တကောင်ထဲတကိုယ်လုံးဆွတ်ဆွတ်ဖြူနေခဲ့တယ်။
ရန်သူဆိုပြီး အားလုံးက သူတို့ နှုတ်သီးတွေ နဲ့ ငါ့ကိုထိုးဆိတ်တော့မယ့်ပုံနဲ့ ငါ့အနားချက်ချင်းဆိုသလို့ဒေါသတကြီးခုန်ပေါက်ချဉ်းကပ်လာကြတယ်။
ဒေါသနဲ့ ခတ်နေတဲ့ တောင်ပံတွေရဲ့ အရှိန်ကပြင်းလွန်းလို့ ငါ့ကိုယ်သေးသေးလေး လဲပြိုမတတ်ဖြစ်နေတယ်။
ငါ ဘာမှမတတ်နိုင်တော့ဘူး။ငါ့မျက်လုံးကိုစုံမှိတ်လိုက်တယ်။
အဲဒီအချိန်မှာ ခနနေကြဦး၊အားလုံးရပ်လိုက်ဆိုတဲ့  အသံက အောင်မြင်ခန့် ငြားစွာထွက်လာတယ်။
ငါ မျက်လုံးမရဲတရဲဖွင့်ကြည့်လိုက်တယ်။ကျောစင်းပြာက ငါ့ရှေ့ တည့်တည့်ရောက်နေပြီ။
သူက ဘာလို့ ငါတို့ နဲ့ ပါလာတာလဲ ၊အမှန်အတိုင်းဖြေရင်ဖြေ၊မဖြေရင်..ဆိုပြီး ငါ့ခေါင်းကိုသူ့ ရဲ့ချွန်ကောက်နေတဲ့ နှုတ်သီးနဲ့ ရွယ်လိုက်တယ်။
ဘေးကကောင်တွေကလဲ အသေသတ်တော့မယ်ပုံနဲ့  ငါ့အဖြေကိုစေါင့်နေကြတယ်။
ငါ ရှိသမျှအင်အားနဲ့  ရင်ကိုကော့ပြီးအသက်တချက်ပြင်းပြင်းရှူသွင်းလိုက်ပြီးမှ ဖြေလိုက်တယ်။
ကျုပ်မှာပြန်စရာအိမ်မရှိလို့ ၊အိမ်ပြန်ကြတော့မယ့်ခင်ဗျားတို့ နောက်လိုက်လာမိတာပါဗျာ..။။။။။။

………………………………………………………………………………………………………………

(လူတိုင်း၊လူတိုင်း ပြန်စရာအိမ်ရှိကြပါစေ။)


No comments:

Post a Comment