Friday, October 9, 2009

မေတ္တာအကျိုးပေးပါစေ..။



ခလေးတို့ ရေ..။
ဒီကမ္ဘာလောကကြီးထဲမှာ…မြင်နိုင်..ထိတွေ့ နိုင်တဲ့ ရုပ်ဝတ္ထုတွေကိုသာတန်ဘိုးဖြတ်နိုင်၊သတ်မှတ်နိုင်ခဲ့ပေမဲ့၊
မမြင်ရ၊မထိတွေ့ ရ၊အကောင်အထည်မဖေါ်ပြနိုင်ပေမဲ့ .တန်ဘိုးဖြတ်လို့ မရတဲ့ 
အရာတခုရှိသတဲ့ ကွယ်..။အဲဒါကဘာလဲဆိုတော့..လူ၊သတ္တဝါတိုင်းမှာရှိနေပြီးသားဖြစ် တဲ့ မေတ္တာ..ဆိုတဲ့ အရာပါဘဲ။
မေတ္တာ ဆိုတာခေါ်လို့ လဲကောင်း၊နားဝင်လဲချိုတဲ့ စကားလုံးလေးဟုတ်ဘူးလားကွယ်..။
မေတ္တာနဲ့ ပါတ်သက်ပြီး..ကျေးဇူးရှင်မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး..
အရှင်ဇနကာဘိဝံသ..ကမေတ္တာဂုဏ်ရည်ဆယ့်တစ်လီဆိုပြိးဖွဲ့ ဆိုပြခဲ့တယ်။
မေတ္တာဂုဏ်ရည် ဆယ့်တစ်လီ ပထမအပိုဒ်မှာ
အညီသတ္တဝါ၊ မလပ်ပါအောင်
အခါခါနေ့စဉ်၊ မေတ္တာယှဉ်မူ၊
ကြည်လင်အိပ်ပျော်၊ ထချိန်တော်၍၊
နိုးသော်ရွှင်ရွှင်၊ အိပ်မက်မြင်လည်း၊
အစဉ်ကောင်းစွာ၊ မြင်မက်ရာ၏၊…လို့ စပ်ဆိုခဲ့တယ်။

မေတ္တာဆိုတာသက်ရှိသတ္တဝါတွေအားလုံးအပေါ်နေ့ စဉ်မပြတ်ပွါးများခဲ့ ရင်အိပ်ရာဝင်ချိန်မှာ စိတ်ကြည်ကြည်လင်လင်နဲ့  အိပ်နိုင်သလို..အိပ်ရာကနိုးချိန်မှာလဲရွှင်ရွှင်ပြပြကိုနိုးထနိုင်မယ်တဲ့ ။
အိပ်မက်မက်ရင်တောင်ကောင်းမွန်တဲ့ အိမ်မက်ကိုဘဲမက်တတ်သတဲ့..။
စိတ်ကြည်ကြည်လင်လင်နဲ့ အိပ်ရာဝင်အိပ်ရာထ နိုင်ဘို့ ဆိုတာ..လူတိုင်းအတွက်အရေးကြီးဆုံးပါဘဲ..။
တနေ့ တာလှုပ်ရှားလုပ်ကိုင်ခဲ့တာတွေပေါ်မှာမူတည်ပြီး အကျိုးခံစားရတာပါ။
တူသောအကျိုးပေးတယ်ဆိုတာ..ဒါပါဘဲ..။ကောင်းသောလုပ်ရပ်က ကောင်းတဲ့ အကျိုးပေးမှာမလွဲပါဘူး။
နိုင်ငံရပ်ခြားမှာကြုံခဲ့ ရတဲ့ ဥပမာတခုပြောပြမယ်နော်..။
အမေရိကားကဓါတ်ဆိဆိုင်တဆိုင်မှာတယောက်ထဲအလုပ်လုပ်နေရတဲ့ အချိန်ပေါ့..။
တနေ့ မှာ အသက် ၇၀ ကျော်လောက်ရှိတဲ့ အမေရိကန်အဖိုးကြီးတယောက်ဓါတ်ဆီလာထည့်ပါတယ်။ကားပေါ်ကဆင်းကတဲကိုက
တုန်ချိ၊တုန်ချိနဲ့ ..ဒုတ်ကောက်လေးယူပြီးဆင်း..မေ ရှိတဲ့ ကောင်တာကိုလာပြီး
သူ ဘယ်လောက်ဘိုးဖြည့်ချင်တယ်ပေါ့လေ..။
မေ လဲသူဖြည့်ချင်တဲ့ အရေအတွက်ကိုဖွင့်ပေးလိုက်တော့ ပိုက်ဆံပေးတာပြန်အမ်းတာကအစ တုန်ရီနေတဲ့ လက်နဲ့ လုပ်ကိုင်နေတာတွေ့ ရတော့ မေ. စိတ်မသက်သာဘူး။
ကားရှိရာကိုသွားတော့လဲ လှုပ်လှုပ်၊လှုပ်လှုပ်နဲ့ ဘဲ။မေ လှမ်းကြည့်နေမိတယ်။
သူ တော်ရုံနဲ့ ကားဓါတ်ဆိထည့်တဲ့ အပေါက်ကိုမဖွင့်နိုင်ရှာဘူး။မေ. ဘယ်နေနိုင်တော့မလဲ..။
သူ့ ဆီကိုသွားပြီး သူ့ ကားသော့ကိုတောင်း..ဓါတ်ဆီထည့် ပြီးတဲ့ အထိ
မေ လေအစအဆုံးလုပ်ပေးလိုက်တယ်..။(အမှန်က မေလုပ်တဲ့ ဆိုင်က ကိုယ့်ဖါသာကိုယ်လုပ်ရတဲ့ ဆိုင်..။မေတို့ ဘာမှလုပ်ပေးစရာမလိုဘူး။)
မေ အဖိုးကြီးကိုမေတ္တာထားပြီး သနားသွားတာလေ.။ဓါတ်ဆီလဲဖြည့်ပြီးရော..
သူ့ကိုမေ သေချာတွဲပြီးကားပေါ်ထိုင်စေတယ်..။သူ မေ့ ကိုသေချာလိုက်ကြည့်နေတာကို မေသိပေမဲ့ မသိချင်ယောင်ဆောင်ပြီှးကားတံခါးကိုပိတ်လိုက်ရင်း..ရှင်သွားလို့ ရပြီဆိုတော့..သူ မေးတယ်.။
နေပါဦး.မင်းငါ့ကိုဘာလို့ ဒီလိုတွေလုပ်ပေးတာလဲတဲ့ ။
မဟုတ်ပါဘူး…ရှင့်ကိုမြင်ရတဲ့ အချိန်ရှင်လှုပ်ရှားနေတာတွေကြည့်ပြီး..ရှင့်နေရာမှာကျမ အဖေသာဆိုရင်..လို့ တွေးလိုက်မိလို့ ပါလို့  ပြောလိုက်တယ်..။ထူးဆန်းစွာဘဲအဖိုးကြီးမျက်ရည်ကျလာတယ်..။
ငါတယောက်ထဲဒိလိုဘဲနေလာခဲ့ တာကြာပြီတဲ့ ။ငါ့ကိုမင်းလိုဘယ်သူမှဂရုမစိုက်ဖူးဘူးတဲ့ ။
မေ ပြုံးဘဲ ပြုံးနေလိုက်ပါတယ်။
နောက်နေ့ တွေသူလာတော့ မေ့အတွက်သကြားလုံးလေးကအစ..ချောကလက်လေးအဆုံးယူလာပေးပါတယ်.။ဓါတ်ဆိမထည့်လဲသူရောက်လာတတ်တယ်..။မေ့ ကိုမြင်ရင်သူစိတ်ချမ်းသာလို့ တဲ့ ။
မေ ကလဲသူ ပျော်ရွှင်နေတာကိုမြင်ပြီးအဝေးမှာခွဲနေရတဲ့ အဖေ နဲ့  စကားပြောနေရသလိုစိတ်ချမ်းသာမိတာအမှန်ပါဘဲ ။
ပြောချင်တာက မေတ္တာဆိုတာရောင်ပြန်ဟပ်တတ်တယ်ဆိုတာပါ..။
လူမျိုးမရွေးဘာသာမရွေး၊နေရာဒေသမရွေး၊..မေတ္တာဆိုတာထားတတ်ရင်အကောင်းဆုံးပါဘဲ။
မေတ္တာဆိုတာအေးချမ်းပါတယ်။
ဆရာတော်ကြီးက နောက်တပိုဒ်မှာဒီလိုဆိုထားပြန်ပါတယ်။
ပြည်ရွာလူသား၊ နတ်အများလည်း၊
မြင်ကြားသမျှ၊ ချစ်ခင်ကြ၍၊
ဒေဝထွေထွေ၊ စောင့်ရှောက်လေ၏၊

မေတ္တာတရားကြီးမားတဲ့ သူတွေကိုကိုယ့်အချင်းချင်းရော..နတ်ဒေဝါတွေကအစ ချစ်ခင်ကြပြီးစေါင့်ရှောက်တတ်ကြတယ်တဲ့ ။
မီးရေ ခိုးသူ၊ များဗိုလ်လူလည်း၊
မယူ မဖျက်၊ မနှောင့်ယှက်တည်း၊
အေးချမ်းတဲ့ မေတ္တာကိုလူသတ္တဝါတိုင်းကိုပေးနိုင်တဲ့ အတွက်..ချစ်ခင်မှုကိုရပြီး.. တော်ရုံတန်ရုံ..ဘေးဒုက္ခလဲမကျရောက်နိုင်ပါဘူး။
နောက်တပိုဒ်မှာတော့
စိတ်စက်လည်းတည်၊ မျက်နှာကြည်၍၊
သေမည်ခါချဉ်း၊ တွေဝေကင်း၏၊..တဲ့။

မေတ္တာတွေ ပြည့်နေတဲ့ အတွက်..ကိုယ့်စိတ်က လဲတည်ငြိမ်နေပြီး..
ကြည်လင်တဲ့ မျက်နှာလေးကိုသာပိုင်ဆိုင်နေမှာမလွဲပါဘူး။
လူသတ္တဝါတိုင်းမကင်းနိုင်တဲ့ ၊ရှောင်လွှဲလို့ မရတဲ့ သေခြင်းတရားကိုကြုံခဲ့ရရင်တောင် တွေဝေခြင်းကင်းပြီးရင်ဆိုင်နိုင်မှာဖြစ်ပါတယ်..။
နောက်ဆုံးအပိုဒ်မှာတော့ဆရာတော်ကြီးက မေတ္တာအကျိုးကိုဒီိလိုဖွင့်ဟခဲ့ ပါတယ်။
မှန်းရင်းဓမ္မ၊ မဂ်မရလည်း၊
ဈာန်ရလေလစ်၊ ဗြဟ္မာဖြစ်သည် . . .
ဆယ့်တစ်မေတ္တာ အကျိုးတည်း။

အရှင်ဇနကာဘိဝံသ (၁၉၀၀ - ၁၉၇၇)
အမရပူရမြို့၊ မဟာဂန္တာရုံဆရာတော်။

ဒီဘဝမှာမဂ်နိဗ္ဗန်ကိုမရခဲ့သည့်တိုင်အောင် ထားရှိခဲ့ တဲ့ မေတ္တာအကျိုးကြောင့်
သေပြီးတဲ့ နောက်ဈန်ရပြီးဗြဟ္မာဖြစ်လိမ့်မယ်လို့ ဆိုခဲ့တာပါ..။
ကဲ..ခလေးတို့ ရေ..။
မေတ္တာထားရခြင်းရဲ့အကျိုးတွေကို..သိလောက်ပြီထင်ပါတယ်နော်။
ခလေးတို့ အားလုံး..မနက်အိပ်ရာထ မင်္ဂလာပါလို့ နှုတ်ဆက်ပြီိးတာနဲ့ ..
သွားလေရာ၊လာလေရာ.၊လူသတ္တဝါအားလုံးကိုမေတ္တာထားနိုင်ကြတဲ့ သူတွေဖြစ်ကြပြီး၊
ထားရှိခဲ့တဲ့ မေတ္တာအကျိုးကိုခံစားနိုင်ကြတဲ့ သူတွေဖြစ်ကြပါစေကွယ်..။
မေတ္တာဆိုတာ..ရေပေါ်မှာပေါ်တဲ့ လအရိပ်လေးလိုဘဲနှလုံးစိတ်ဝမ်းအေးချမ်းစေနိုင်ပါတယ်။

မေတ္တာဖြင့်
မေမြန်မာ..။

မနက်မိုးလင်းအိပ်ရာထ.. မင်္ဂလာပါလို့ နှုတ်ဆက်ကြ။




ခလေးတို့ ရေ….။
ပြည်တွင်းမှာရှိနေတဲ့ သူတွေရော၊ပြည်ပမှာရောက်နေတဲ့ သူတွေရော…
မင်္ဂလာပါလို့ ……မေ…..နှုတ်ဆက်စကားအရင်ဆိုလိုက်ပါတယ်…။
မနက်မိုးလင်းအိပ်ရာထ တာနဲ့  မျက်နှာရွှင်ချိုပြီးနိုးလာရတာမင်္ဂလာတပါးပါဘဲ..။မနက်အိပ်ရာထချိန်ဟာ လူတယောက်အတွက်သိတ်ကိုအရေးကြီးပါတယ်..။အိပ်ရာကနိုးနီုးချင်း ..စိတ်ကြည်လင်နေတဲ့ အခါ လူဟာ မျက်နှာအလိုလိုကြည်လင်လာပါလိမ့်မယ်..။အဲဒီအခါကျရင် တနေကုန်..အလုပ်ဘဲသွားနေသွားနေ..၊ကျောင်းဘဲတက်နေတက်နေ..၊ရောက်ရာနေရာမှာ အစစအရာရာအဆင်ပြေပြီးချောမွေ့ နေတတ်ပါတယ်..။သတိထားမိကြမှာပါ…။
မနက်မိုးလင်းအိပ်ရာထချိန်မှာ မိသားတစုလုံး….ကြည်လင်ရွှင်ပြနေတာမြင်ရရင်..
အဲဒီအိမ်ဟာ မင်္ဂလာရှိတဲ့ အိမ်ပေါ့..။
စီးပွါးရေးမပြေလည်မှုတွေကြောင့် အခက်အခဲတွေအနဲနဲ့  အများရှိနေကြမှာပါ..။ဘာဘဲဖြစ်ဖြစ် ..
မနက်မိုးလင်းအိပ်ရာအထ မှာတော့ အားလုံးကိုခနလေးမေ့ ထားလိုက်..ကြပြီး….ဖေဖေ..မေမေ မင်္ဂလာပါလို့ ပြုံးချိုချိုလေးပြောလိုက်ပါ..။ဘယ်လောက်စိတ်ညစ်နေနေ ဆဲတော့ထုတ်မှာမဟုတ်ပါဘူး..။
ခလေးတို့ ရေ..။
အပြုံးဆိုတာ..ကူးစက်စေတတ်ဆုံးအရာတခုတဲ့ ..။ကိုယ် က ပြုံးပြရင်..ကို့်ယ့်ဘယ်သူပြန်မပြုံးပြဘဲနေမယ်တဲ့ လဲ…။ပြုံးပြတာပိုက်ဆံမကုန်ပါဘူးကွယ်..။
အဲဒီတော့ဘာပြန်ရလဲသိလား…?။
ဖေဖေ၊မေမေ တို့ မှာဘယ်လောက်စိတ်ညစ်နေနေ ခလေးတို့ ဆီက မင်္ဂလာနှုတ်ဆက်စကားလေးကြောင့်..ကြည်နူးမှုအရှိန်လေးမသိမသာရသွားပြီ..။သူတို့ လဲအလိုလို ပြုံးလာကြပါလိမ့်မယ်..။ဒီနေ့ မအောင်မြင်ရင်နောက်နေ့ ဆက်လုပ်ကြည့်ပါ..။
မိဘတွေရဲ့..တင်းကျပ်နေတဲ့ စိတ်တွေ..နဲနဲလျော့ပါးသွားအောင်..လုပ်ဆောင်လိုက်နိုင်ပြီလို့ ..
တွေးမိပြီး..ခလေးတို့ ကိုယ်တိုင်ရော..မပျော်သွာဘူးလား..။
မျက်နှာပေါ်မှာအပြုံးဆိုတာ ရင်ထဲက ပျော်မှပေါ်တာနော်…။
စိတ်ထားတတ်ရင်..ပျော်ပါတယ်..။ဘာစိတ်လဲ..လို့ ..မေ..ပြောမယ်..။
မေတ္တာစိတ်ပေါ့…။
လူတိုင်းကိုမေတ္တာထားပါ..။သတ္တဝါတိုင်းကိုမေတ္တာထားပါ..။
ခုနက မေ..ပြောခဲ့ သလိုဘဲ..မေတ္တာထားတာလဲ ပိုက်ဆံမပေးရပါဘူးကွယ်..။
လူတိုင်းမှာအကြောင်းအရာတမျိုးစီ..စိတ်မကျေနပ်စရာ..အလိုမပြည့်တာတွေရှိနေကြမှာဘဲ..။
အခုခေတ်အခါကပိုဆိုးတာပေါ့…။
အဲဒီပိုဆိုးတဲ့ ခေတ်က..ပိုပြီးမေတ္တာထားဘို့ လိုအပ်လာပြီခလေးတို့ ရေ..။
သူတပါးအပေါ်ညှာတာ…၊စာနာမှုဆိုတာမေတ္တာအရင်းခံပါတယ်…။
ဒီနေ့ တော့ မေ..ဒီလောက်ဘဲ ပြော ဦးမယ်နော်..။
မေပြောတာတွေကို..လက်ခံနိုင်ကြ..လက်တွေ့ လုပ်ကြည့်နိုင်ကြမယ်ဆိုရင်ဘဲ..မေ..ကျေနပ်ပါပြီ..။
နောက်နေ့ တွေ..မှာဆက်ရေးပါ့မယ်..။ဖတ်ချင်တယ်ဆိုရင်ပေါ့…။
မေတ္တာဖြင့်..
မေမြန်မာ..။

Thursday, October 8, 2009

မှန်တချပ်ရဲ့အမှန်တရပ်..။




ကိုယ်ချင်းစာစိတ်ဆိုတာ …လူတိုင်းမှာမရှိနိုင်တာကတော့ 
ကျမအတွက် အံ့ သြစရာတခုဖြစ်ခဲ့ ရပါတယ်..
ကျမကိုယ်တိုင်ကဘဲ..လူတိုင်းအပေါ်ကိုယ်ချင်းစာတတ်ခဲ့ ပြီး..
မေတ္တာတရားကိုသာ အဓိကထားခဲ့ သူဖြစ်ခဲ့ ရတာကြောင့် လဲပါမယ်ထင်ပါတယ်..
လူတိုင်းလူတိုင်းဟာ..ကိုယ့် သမိုင်းကို..ကိုယ့် ဘာသာ ကိုယ်ရေးကြတာပါဘဲ…
သမိုင်းလို့ ဆိုတာထက် ကိုယ့် အထ္တုပတ္တိ ကိုယ် ရေးကြတာလို့ ပြောရင် ပိုမှန်ပါလိမ့် မယ်…
ဆိုပါတော့  ..ရှည်ရှည်ဝေးဝေးကြည့် ပြီးမပြောဘဲ..
တနေ့ စာလေးပြောကြည့် ရအောင်ပါ..
မနက်မိုးလင်းကနေ..ည မိုးချုပ်အိပ်ရာဝင်ချိန်အထိ..
တနေ့ တာလုံးမှာ…..
ကိုယ်ဘာလုပ်ခဲ့ သလဲ..?
ကောင်းတဲ့ အလုပ်…လုပ်ခဲ့သလား…မကောင်းတဲ့ အလုပ်…လုပ်ခဲ့ သလား..?
ကိုယ်ဘာပြောခဲ့ သလဲ…?
ကောင်းတဲ့ စကား….ပြောခဲ့ သလား…မကောင်းတဲ့ .စကား….ပြောခဲ့ သလား..?
ကိုယ်ဘယ်လိုစိတ်ထားခဲ့ သလဲ…?
ကောင်းမြတ်တဲ့ စိတ်….ထားခဲ့ သလား..မကောင်းမြတ်တဲ့ စိတ်….ထားခဲ့ သလား…..?
ပါဠိလိုပြောရရင်တော့ .....
ကာယကံ..
ဝစီကံ...
မနောကံ...နဲ့ ဆိုင်ပါတယ်....
အဲဒီ ကံ ၃ ပါးကိုစေါင့် ထိန်းနိုင်ခဲ့ သလားလို့  ကိုယ့် ကို ကိုယ် ပြန်လည် သုံးသပ်ခြင်းတမျိုးပါဘဲ..
အမှန်တကယ်စေါင့် ထိန်းနိုင်မှု..ရှိ..မရှိ..ဆိုတာလဲ....
ကိုယ့် ထက်တော့ ....ဘယ်သူမှပိုပြီးသိနိုင်မှာမဟုတ်ပါဘူး….
လောက မှာသူတပါးကိုလိမ်တာထက်…မိမိကိုယ်ကို မိမိလိမ်လည် တာဟာ ..အဆိုးဆုံးပါဘဲ..
မှန်တချပ်ကို ထုတ်ပြီး်ကြည့် လိုက်တဲ့ အခါ..
ကိုယ့် မျက်နှာဘဲ..ကိုယ်ပြန်မြင်ရသလို…
အဲဒီကိုယ်ပြန်မြင်ရတဲ့ မျက်နှာပေါ်မှာဘဲ..
အမဲ့ အပြုံးကို..တွေ့ နိုင်တယ်လေ..
မိမိလုပ်ခဲ့ သမျှ..ကံ..၃ ပါးရဲ့ ..အတိုင်းအတာဘယ်လောက်ရှိတယ်ဆိုတာ ..
မှန်ထဲမှာကိုယ့် မျက်နှာကိုယ်ပြန်မြင်ရသလိုပါဘဲ..
လိမ်လို့ မရပါဘူး..
စိတ်နှလုံးကြည်လင်လို့ ..ပြုံးနေရင်…မှန်သားပြင်ပေါ်မှာ..ကိုယ်ပြန်မြင်၇တာ..အပြုံးဘဲမဟုတ်လား..
ဒီလိုဘဲ
စိတ်နှလုံးမကြည်လင်လို့ ..မဲ့ နေရင်လဲ…ပြန်မြင်ရတဲ့ ..
ကိုယ့် မျက်နှာပေါ်မှာ အမဲ့ …သာတွေ့ ရမှာမလွဲဘူးလေ…
အဲဒါကြောင့် တနေ့ တာလုံးကိုယ်လုပ်ခဲ့တာတွေကို ..
ကိုယ့် မျက်နှာကိုယ် မှန်ထဲပြန်ကြည့် သလို..သုံးသပ်စေချင်တာပါ…

ကာယကံ….အားဖြင့် ..ကိုယ်ထိလက်ရောက်လုပ်ကိုင်ခဲ့ တာတွေထဲမှာ..
သူတပါးကို ..ဘယ်လိုကူညီအကျိုးပြုနိုင်ခဲ့ သလဲ...?
ကူညီအကျိုးပြုနိုင်ခဲ့ တဲ့ အတွက်....ကျေနပ်မှုဖြစ်ခဲ့ ရရင်..ကြည်နူးမှုကိုရမှာဘဲ...
သူတပါးကို ဘယ်လိုထိခိုက်နာကျင်စေခဲ့ သလဲ....?
ထိခိုက်နစ်နာစေနိုင်ခဲ့တာကို ..ဆင်ခြင်မိရင်..စိတ်မကောင်းဖြစ်မှာဘဲ..
ဝစီကံ.....အားဖြင့် ..နှုတ်နဲ့ ပြောဆိုဆက်ဆံ..ခဲ့ တာတွေထဲမှာ..
သူတပါးကို..စိတ်ချမ်းသာအောင်..ဘယ်လိုပြောဆိုနိုင်ခဲ့ သလဲ...?
ပြောဆိုနိုင်ခဲ့ တဲ အလျောက်...မိမိကိုယ်တိုင်လဲ..စိတ်ချမ်းသာခဲ့ ရမှာဘဲ...
သူတပါးကို..စိတ်ထိခိုက်အောင် ဘယ်လိုပြောခဲ့မိသလဲ..?
အဲဒီလိုပြောခဲ့ မိတဲ့ အတွက်...တဖက်သားခံစားရသလို..ကိုယ်ရော မခံစားရဘူးလား...
မနောကံ .... အားဖြင့် စိတ်နဲ့ လုပ်ဆောင် ခဲ့ တဲ့ အထဲမှာ...
သူတပါးအပေါ်မွန်မြတ်ကောင်းမွန်တဲ့ စိတ်ထားနိုင်ခဲ့ သလား..?
ထားနိုင်ခဲ့တယ်ဆိုတဲ့ အတွက်..မိမိကိုယ်တိုင်..ကြည်နူးရမှာဘဲ..
သူတပါးအပေါ်..ကောက်ကျစ်တဲ့ စိတ်ထားခဲ့ သလား....?
အဲဒီမကောင်းတဲ့ စိတ်ထားခဲ့ မိတာကို...မိမိကိုယ်တိုင်သိရဲ့ လား.....?
အားလုံးကိုခြုံပြီး ဆင်ခြင်ကြည့် လိုက်ရင်..
ကိုယ်၊စိတ်၊နှလုံး..၃..ပါးလုံး...နဲ့ လုပ်ဆောင်ခဲ့ တာတွေထဲမှာ..
ကောင်းတဲ့ လုပ်ရပ်ရာနှုံး....များများတွေ့ ရင်.
နောက်နေ့ ..ငါ..ဒီနေ့ ထက်ပိုပြီး ကောင်းမွန်တဲ့ ..လုပ်ရပ်ကို ကျင့် ကြံမယ်လို့ ဆုံးဖြတ်လိုက်ပါ..
ဒါမှမဟုတ်..
မကောင်းတဲ့ လုပ်ရပ် ရာနှုံးများနေရင်လဲ...နောက်နေ့ ကျရင် ဒီလိုမများအောင်..ကြိုးစားမယ်လို့ 
အသိတရားလေးထားလိုက်ပါ..
အဲဒီ..အသိတရားလေးကနေ…အမှန်နဲ့  အမှားကိုခွဲခြားနိုင်မယ့် ..သတိတရားလေးရလာပါလိမ့် မယ်..
အဲဒီ..သတိတရားလေးက ..နဂို..ရှိရင်းစွဲ မေတ္တာစိတ်အရင်းခံကိုပိုမိုတိုးပွါးလာစေနိုင်မှာဖြစ်ပါတယ်..
မေတ္တာတရား..ဆိုတာ..သိတ်ကိုသိမ်မွေ့ လှပါတယ်...
တချို့ ..တချို့ သောသူတွေမှာတော့ ..မေတ္တာတရားကင်းမဲ့ ရလောက်အောင်..
ကိုယ်ချင်းစာတရားမထားနိုင်ကြရလောက်အောင် ..ဖြစ်နေကြတာ..
ကျမ ကိုယ်တွေ့ ကြုံခဲ့ ရတဲ့ အတွက်..
အံ့ သြခြင်းမက အံ့ သြရင်း...
အော်...ဒီလိုလူတွေဟာ...နေ့ တိုင်းကိုယ့်မျက်နှာမှန်ထဲ ပြန်မကြည့် သူတွေလား...
ဒါမှမဟုတ်...
မှန်ထဲမှာပေါ်လာမယ့် ..ပုံရိပ်စစ်အတွက်..မှန်မကြည့် ရဲသူတွေလား...လို့ ..
တွေးနေမိပါတယ်.....၊။။။။။။။။

မေမြန်မာ..။။။။။။။။။

လိပ်ပြာသန့် ခြင်းအတွက်




ကျမရဲ့အိမ်လေးသေးပေမဲ့  ကျမပျော်ခဲ့တယ်..။
ကျမရဲ့ အခန်းလေးကျဉ်းပေမဲ့ ကျမ အနေချောင်ခဲ့တယ်..။
ကျမရဲ့ပန်းခြံလေး ငယ်ပေမဲ့ ..ကျမ အသက်ရှူဝ ခဲ့တယ်..။
ကျမ ရဲ့ ပိုက်ဆံအိတ်လေးပြားနေပေမဲ့  ကျမရောင့်ရဲနိုင်ခဲ့တယ်..။
ကျမရဲ့ကွန်ပျူတာလေး ဟောင်းနေပေမဲ့  သုံးလို့ တော့ ရနေသေးတယ်..။
ကျမရဲ့ ထမင်းပွဲလေးဟင်းခွက်နဲပေမဲ့  ငပိရည်ကျိုတခွက်နဲ့ စားကောင်းခဲ့တယ်..။
ကျမရဲ့ကားလေးစုတ်ပေမဲ့  လိုရာခရီးတော့ ရောက်ခဲ့တယ်..။
ကျမရဲ့မန်ယူအသင်းလေး တခါတခါသရေ၊အရှူံးကြုံပေမဲ့  ကျမကတော့ မပြောင်းလဲဘဲအားပေးနေခဲ့တယ်..။
ကျမရဲ့အဖေမရှိတော့ပေမဲ့  အမေကတော့ ရှိသေးတယ်..။
ကျမရဲ့ မောင်နှမတွေနဲ့ ဝေးနေရပေမဲ့  ကျမကိုတော့ချစ်ကြတယ်..။
ကျမရဲ့သားသမီးတွေကြီးလာကြပေမဲ့  ကျမကတော့ခလေးတွေလို့ သာထင်နေခဲ့တယ်..။
ကျမရဲ့ မိန်းမသားဘဝပေမဲ့ လူငယ်တွေအပေါ်မိခင်စိတ်ထားနိုင်ခဲ့တယ်..။
ကျမရဲ့ ကျန်းမာရေးကကင်ဆာဖြစ်ခဲ့ဖူးပေမဲ့  ခုထိတော့ အသက်ရှင်နေသေးတယ်..။
ကျမရဲ့ဘဝကကြမ်းပေမဲ့ ကြိုးစားပြီးကျော်ဖြတ်နိုင်ခဲ့တယ်..။
ကျမရဲ့အိမ်ကိုလွမ်းပေမဲ့ ကျမနဲ့ မိုင်ပေါင်းထောင်ချီဝေးနေခဲ့တယ်..။
ကျမရဲ့ တိုင်းပြည်လေးသေးပေမဲ့ မြန်မာလူမျိုးဖြစ်ရတာ ကျမဂုဏ်ယူခဲ့တယ်..။
ကျမရဲ့ပြည်သူတွေ ရိုးသားခဲ့ကြပေမဲ့ ဆင်းရဲတွင်းတော့ နက်ခဲ့တယ်..။
ကျမရဲ့ မှတ်ဥာဏ်မကောင်းပေမဲ့ အမှတ်ရစရာတွေတော့များခဲ့တယ်..။
ကျမရဲ့ ဘဏ္ဍာရေးကမကောင်းပေမဲ့ သူများကိုတော့ ပေးချင်နေခဲ့တယ်..။
ကျမရဲ့တရားဘာဝနာအားထုတ်မှုကအားနဲခဲ့ပေမဲ့ ဘုရားရဲ့တရားတွေမှာမွေ့ လျော်ခဲ့တယ်..။
ကျမရဲ့ ဘဝမှာအဆင်မပြေတာတွေများခဲ့ပေမဲ့ တရားတော်တွေနဲ့ ဖြေသိမ့်နိုင်ခဲ့တယ်..။
ကျမရဲ့ သေမယ့်ရက်ကိုမသိရပေမဲ့ တရားတော်တွေကြောင့် ကြိုတွေးကြောက်တဲ့စိတ်ကိုဖျောက်နိုင်ခဲ့တယ်..။
ကျမရဲ့..ချစ်သူတွေကိုလက်လွှတ်ဆုံးရှူံးရမှာဖြစ်ပေမဲ့..သူတို့ ကိုထားခဲ့ဘို့ ပါစိတ်အေးခဲ့တယ်..။
ကျမရဲ့…ဘဝမှာအရာရာမပြည့်စုံခဲ့ပေမဲ့..တရားတော်တွေဖတ်ရှူ၊နာကြားရတဲ့အတွက်ကျေနပ်ခဲ့တယ်..။
ကျမရဲ့…..
ကျမရဲ့….
ကျမရဲ့……။
………………………………………………………………………………………………………………………………..
မေမြန်မာ။။။။။။။။။။။။
အောက်တိုဘာလ ၈ ရက်နေ့ ၊၂၀၀၉။

Tuesday, October 6, 2009

အရောင်မပါတဲ့ အချစ်..။


အရောင်မပါတဲ့ ..အချစ်..။


အချစ်ဆိုတဲ့အရာနဲ့  ကိုယ်နေထိုင်ရာပတ်ဝန်းကျင်လောကကို
အလှဆင်နိုင်ပါတယ်..။အချစ်မှာ..အရောင်မပါရင်ပိုပြီး..အလှဆင်လို့ ကောင်းပါတယ်..။
ဘာအရောင်တွေလဲလို့ မေးချင်ကြမယ်..။
လောဘဆိုတဲ့ အရောင်..၊ဒေါသ..ဆိုတဲ့အရောင်..၊မောဟ…ဆိုတဲ့အရောင်..။
အဲဒီ ၃-မျိုးလုံးကနေ..အချစ်ဆိုတဲ့…ပင်ကိုယ်ဘာအရောင်မှမရှိတဲ့ စိတ်ခံစားချက်ကို..အရောင်တမျိုးထဲပြောင်းလိုက်နိုင်တယ်..။
အဲဒီအရောင်ကတော့..ပူလောင်မှုတွေပါနေတဲ့ ..သောကဗျာပါဒ..ဆိုတဲ့ ဝေဒနာအရောင်လေ..။
ဒီသောက ဗျာပါဒ..ဆိုတဲ့ အပူရောင်ဟာ.လက်နဲ့  အသွေးအသားနဲ့ ..ထိတွေ့ လို့ မရတဲ့ အပူလေ..။
သူက ..နေမင်းရဲ့ အပူထက်လဲပြင်းတယ်..။
တငြီးငြီးနဲ့ အရှိန်အဟုန်ပြင်းပြင်းတောက်လောင်နေတဲ့ မီးထက်လဲပြင်းတယ်..။ဘယ်လောက်အင်အားကြီးကြီး၊ဘယ်လောက်အသိပညာတွေကြွယ်ဝ၊ကြွယ်ဝ၊
ဒီအပူရောင်ပြောင်းသွားတဲ့ ..အချစ်ဟာ..အားလုံးကိုဘုံးဘုံးလဲစေနိုင်တယ်..။ပြာဖြစ်သွားစေနိုင်တယ်..။
လူတော်တယောက်ကလူညံ့တယောက်ဖြစ်သွားနိုင်သလို..။လူကောင်းတယောက်ကလဲ..
လူဆိုးဖြစ်သွားနိုင်တယ်..။တော်ရုံတန်ရုံလူကတော့..တွေးကြည့်စရာမလိုအောင်..ဘာမဆိုဖြစ်သွားနိုင်တယ်။
ဒါဆိုရင်..အဲဒီ..အချစ်..ကို အရောင်မပြောင်းအောင်ဘာနဲ့ တားနိုင်မလဲ..?
အဖြေရှိပါတယ်..။သတိ..နဲ့ အသိတရားက..တားနိုင်ပါတယ်..။
သတိဆိုတာ..ဒါမှားတတ်တယ်..၊ဒါမကောင်းဘူး..ဆိုတာကိုကြိုသိနေရမယ့်ဥာဏ်..။
အသိ..ဆိုတာကတော့..ဒါဟာ မကောင်းဘူး..ဒါဟာ..ဆိုးတယ်လို့ ..ခွဲခြားသိမြင်တဲ့ ဥာဏ်.။
တချို့ ကပြောကြတယ်..နှလုံးသားရဲ့အလိုအရ..လုပ်ရဖြစ်ရတာပါ..တဲ့။
နှလုံးသားဆိုတာ..ဘာကိုဆိုလိုတာလဲ..?
ခန္ဓာကိုယ်ထဲမှာရှိတဲ့နှလုံးသားကို..ပြောချင်တာဆိုရင်တော့..မှားမယ်..။
မွေးရာပါ..နှလုံးသားဆိုတာက..ဒီခန္ဓာကိုယ်ရှင်သန်ဘို့ အသက်ရှူနိုင်ဘို့  အထောက်အကူပြုတဲ့ အင်္ဂါအစိတ်အပိုင်းတခု။
ဒါကိုလူတွေကတင်စားပြီးပြောနေကြတာတွေပါ..။
အသဲနှလုံးထဲက တစိမ့်စိမ့်ချစ်တယ်တို့ ..
ဘာတို့ဆိုတာ..တကယ်တော့စိတ်ထဲကခံစားတာကို..နားထောင်ကောင်းအောင်ပြောကြတာပါ..။
တယောက်နဲ့ တယောက် မချစ်ရဘူးလားမဟုတ်ဘူးချစ်လို့ ရပါတယ်..။
အချစ်မှာအရောင်တခုဘဲ ဆိုးဘို့ လိုတယ်..။စေတနာ..ဆိုတဲ့ ..အရောင်လေ..။
စေတနာ..ဆိုတာ..ခေါ်လို့ လဲကောင်းတယ်..။လုပ်ဆောင်လို့ လဲကောင်းတဲ့ အေ၇ာင်ဘဲ..။
ချစ်ရတဲ့ သူကို..ကောင်းတာကျွေး..ကောင်းတာဆင်..အကောင်းတကာ့အကောင်းဆုံး..
(ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာတခုအထိ)လုပ်ပေးချင်တာ စေတနာဘဲပေါ့..။
သွေးမတော်သားမစပ်..တမိသားနဲ့တမိသားချစ်ကြတာကိုမှ ချစ်သူလို့ ခေါ် နိုင်ကြသလို သွေးရင်းသားရင်းမောင်နှမတွေ ..သားအမိတွေ..သားအဖေတွေချစ်ကြတာကိုလဲ
အချစ်လို့ မေ ပြောချင်ပါတယ်..။
ဒီအခါမှာ…မိဘကသားသမီးကိုချစ်တဲ့ အချစ်အတွက်..သားသမီးကောင်းစားစေချင်တဲ့ ..
စေတနာပါတဲ့ လုပ်ရပ်တိုင်းဟာ..တခါတလေ..အမြင်မတူတာတွေကြောင့်
(စေတနာလွန်ကဲသွားလွန်းလို့ )ဝေဒနာဖြစ်သွားတတ်ပြီး..
ကိုယ့်သားသမီးမှကိုယ့်သားသမီး.ဆိုတဲ့ လောဘ၊မောဟ၊
ပြီးတော့၊ဖြစ်စေချင်သလို မဖြစ်လို့ ..
ပြောစကားကိုမလိုက်နာလို့ ..ဖြစ်၇တဲ့ ဒေါသတွေကနေ...ခုနက ပြောခဲ့ တဲ့..
သောက ဗျာပါဒဆိုတဲ့ အရောင်ကိုပြောင်းသွားလိုက်တာ..၊
ကာယကံရှင်..သားသမီးတွေလဲ ပူလောင်ရ..ကိုယ်တိုင်လဲအလောင်ကျွမ်းခံရ..ပတ်ဝန်းကျင်လဲ အပူကူးစက်နဲ့ ..
စိတ်လက်မချမ်းသာဖြစ်ရတတ်ပါတယ်..။
တကယ်တော့လဲ…လူတိုင်းလူတိုင်းမှာ ဘယ်သူမှမွေးရာပါညံ့ဖျင်းတဲ့ သူဆိုတာမရှိပါဘူး..။
လူတိုင်းမှာသူ့ အရည်အချင်းနဲ့ သူရှိကြတာပါဘဲ..။
ဥပမာ..ဓါးအသစ်တလက်ဝယ်တယ်ဆိုပါတော့..။
အဲဒီဓါးအသစ်ကို .. သုံးဘို့ အတွက်
အသွားထက်ဘို့ သွေးပေး၇မှာဘဲလေ..။ပိုထက်စေချင်ရင်..ပိုသွေးပေးရမယ်..။
ဓါးသွေးကျောက်ကောင်းဘို့ လိုတာလဲမှန်သလို..
ဓါးသွေးပုံကျနဘို့ လဲလိုတာအမှန်..။
ပြီးတော့ ..သုံးမယ့်ဓါးက ဘာအတွက်လဲ..အသားလှီးဘို့ လား..ဟင်းရွက်လှီးဘို့ လား..။သူ့နေရာနဲ့ သူ..ပေါ့..။
အသားလှီးရင်သိတ်ထက်ဘို့ လိုသလို..ဟင်းရွက်လှီးဘို့ ကတော့သိတ်ထက်ဘို့ မလိုဘူးလေ..။
အဓိက ကတော့ ကိုင်တွယ်တဲ့သူပေါ်မှာဘဲလိုတာပါ..။
ဒါကြောင့်မို့ ..ကိုယ်ချစ်ရတဲ့ သူတွေမှာပါလာတဲ့ မွေးရာပါ အရည်အချင်းတွေကို မြင်တတ်အောင်ကြည့်ပြီး၊အဲဒီအရည်အချင်းတွေကိုပိုပြီးအရည်အသွေးတောက်လာအောင်..
ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ စိတ်စေတနာနဲ့ ပြုပြင်လုပ်ဆောင်ပေးနိုင်ကြရပါမယ်။
အဲဒီိလိုဘဲပင်ကိုယ်အရောင်မရှိတဲ့ အချစ်ကိုအရောင်ဆိုးစေတတ်တဲ့ …
လောဘ၊ဒေါသ၊မောဟ..ဆိုတာတွေကို
တွေ့ တတ်၊မြင်တတ်၊သိရှိတတ်ပြီး သတိရှိရှိနဲ့ ပယ်ရှားနိုင်ကြမယ်ဆိုရင်ဖြင့်
မေ တို့ ရဲ့..နေထိုင်ရာပတ်ဝန်းကျင်ဟာ..အရောင်မပါတဲ့ 
အချစ်တွေနဲ့ အင်မတန်မှကိုကြည်လင်သာယာလှပနေမယ်ဆိုတာလက်ခတ်မလွဲပြောရဲနိုင်ပါတယ်ရှင်..။ ။

မေတ္တာဖြင့်..
မေမြန်မာ။။။။။။။
၂၃ဧပြီ၂၀၀၉

Thursday, September 10, 2009

ရွှေဝါရောင်တော်လှန်ရေးကြောင့်ရေးခဲ့မိတဲ့ စာ..။









နာ သုံး နာ..။

ငါတို့ တိုင်းပြည်ကို အုပ်ချုပ်၊မင်း လုပ်တဲ့ လူတသိုက်၊ရိုင်းလိုက်တဲ့  ရာဇ၀င်၊ စာတင်လောက်ပါရဲ့ ။
ငါတို့  ပြည်သူ့ မျက်နှာမထောက် ၊အမှန်တရားကို ပယ်ဖျောက်၊အကြောက်တရားကို ကွယ်ဝှက်၊
အရှက် မရှိတာ၊လူတကာသိ၊တကမ္ဘာလုံးသိ။
ငါတို့ ပြည်သူအတွက် မကြည့် ၊မင်း(တို့ ) အမျိုးတစု အတွက်သာသိ။
ငါတို့  ပြည်သူကို မချစ်၊ငါတို့  ဘာသာတရားကိုမချစ်။
ငါတို့ ရဲ့  ဘုရားသားတော်တွေကို စော်ကား၊
ငါတို့  ကျောင်းသားတွေကို ချေမှုန်း၊အမျိုးတုံး၊လက် စ,တုံး၊သား သုံး သား ရှင်းလင်းရေး၊
သွေးချင်းတူ လူမရွေး၊သတ်ရဲ၊ဖြတ်ရဲ၊ရိုက်ရဲတာ၊သတ္တိလို့  ယူဆ၊ခွေးလောက်မှ အသိဥာဏ်မရှိ။
ငါတို့ ပြည်သူတွေကို ဆင်းရဲတွင်းထဲ၊နှစ်ပြီးရင်းနှစ်၊နှစ်ရင်းနဲ့  နစ်၊မင်း တို့ ကိုယ်တိုင် နစ်။
အသောမတတ်တဲ့  လက်နက်အားကိုး၊လောဘ ဆိုးကြောင့် ၊ကိုယ်ကျိုး နဲ၊
၊ငါတို့ တိုင်းပြည် တခုလုံး မွဲ၊
ငါတို့ ပြည်သူတွေရဲ့ စိတ်ထဲ ကြိတ်ခဲ နာ၊
ငါတို့ ပြည်သူတွေရဲ့  ရင်ထဲ နာ၊
ငါတို့  ပြည်သူတွေရဲ့  အသဲထဲ နာ၊
အဲဒီ နာ သုံး နာ အစချီတဲ ငါတို့  ပြည်သူတွေရဲ့ ၊ကမ္ဘာမကြေ တေးတပုဒ်ကို ဖြင့် 
(၊မင်းတို့ အတွက်)၊ရေးထုတ်ဘို့ အချိန်တန်ပြီ။။။။။။။။။


----------------------------------------------------------------------------------------------
မေမြန်မာ.....နိုဝင်ဘာ-၂၀ -ရက်-၂၀၀၇

Wednesday, September 9, 2009

ရွှေဝါရောင် ၁ -နှစ်ပြည့်အတွက်ရေးခဲ့တဲ့စာ..။




ပြန်လာချိန်………..





ကျမတောင်ကုန်းလေးတခုပေါ်မှာရပ်နေတယ်မောင်
တောင်ကုန်းလေးကမြင့် တော့  လေတွေကလဲ တအားကိုတိုက်နေတာပါဘဲ။
ကျမ၀တ်ထားတဲ့ အ၀တ်အစားတွေလဲ ကျမကိုယ်ပေါ်မှာကပ်ရပ်နေတော့  တယ်။
တောင်ပေါ်လေက တအားအေးတော့ ကျမချမ်းလာတယ်။
ဝတ်ထားတဲ့ အနွေးထည်ပါးပါးလေးက အအေးဒါဏ်ကို အံတုဘို့  ကြိုးစားနေရှာတယ်။လက်နှစ်ဖက်ပိုက်ထားရင်း မျက်နှာပေါ်မှာဝဲပျံရိုက်ခတ်နေတဲ့  ဆံပင်လေးတွေကိုတောင်မဖယ်မိတော့ ပါဘူး။
ကျမ ရဲ့ ကျောဖက်က စေတီလေးရဲ့ … ဆည်းလည်းလေးတွေက လဲ..လေတိုက်တဲ့ အရှိန်နဲ့ 
သာယာတဲ့ အသံ..တချွင်ချွင်မြည်နေတယ်မောင်…
ဒီစေတီလေးကလဲ မောင်နဲ့ ကျမ ဘုရားလာဖူးနေကျလေ…
ဘုရားဝတ်ပြု…ဆီမီး..ပန်း..ရေချမ်းကပ်..ပြီးရင်..
စေတီဝင်းထဲမှာရှိတဲ့ …ဘုန်းကြီးကျောင်းပေါ်တက် ..ဆရာတော်ကိုဝတ်ပြု..
မောင်ကတော့ ..ဆရာတော်နဲ့ ထွေရာလေးပါးပြောလေ့ ရှိပါတယ်…
ကျမက ..စေတီဝင်းထဲမှာ..ကျနေတဲ့ အမှိုက်တွေကို လှဲကျင်းပေးရင်းစေါင့် နေကျ..
ပြီးတော့မှ…ကျမတို့ နှစ်ယောက်..ဆရာတော်ကိုခွင့် ပန်ပြီး..
အခုကျမရပ်နေတဲ့ နေရာလေးမှာလာထိုင်နေကျလေ….

အခုတော့..ကျမတယောက်ထဲ…..
မောင်နဲ့ ကျမ..ထိုင်ကြည့် နေခဲ့ ဘူးတဲ့ ….
မျက်စိတဆုံးမြင်နေရတဲ့  ဟိုးအဝေးကြီးတနေရာကို သာမျက်ခြေမပြတ်
တစူးစူးတစိုက်စိုက်သာကြည့် နေမိရင်း….
သတိရလာမိတာတခုက..
မောင်..ထွက်သွားတာ…ဆရာတော်နဲ့ ပါတ်သက်နေတဲ့ ကိစ္စတခုဘဲ…
မောင်က..လျှို့ ဝှက်သူ..ကျမ ကို မေလေး.မောင်ပြန်လာမှာပါ..
သာသနာနဲ့ တိုင်းပြည်အတွက် ..မောင်..ခနလေးသွားမှာ…မေလေးစေါင့် နေနော်..တဲ့ 
(အဲဒီ..စကားတွေပြောတဲ့ အချိန်..မောင့် မျက်နှာတင်းနေတယ်..)
ဒီလိုနဲ့ ဘဲ..ကျမဒီနေရာလေးကမောင့် ကိုလာစေါင့် နေခဲ့ ရတာပါ…..

ကျမလှမ်းပြီးမြင်နေရတဲ့ တောအုပ်စိမ်းစိမ်းလေးရဲ့ အစပ်မှာ
ပြာလဲ့ လဲ့ ရေကန်လေးကိုတွေ့ နေရတယ်။
ရေကန်လေးရဲ့  ဘေးနားတ၀ိုက်မှာတော့ 
ပဲပန်းဝါ၀ါလေးတွေ၊ခရမ်းနုရောင်လေးတွေ၊ ပန်းနုဖြူရောင်လေးတွေ၊နဲ့  ရောင်စုံပန်းခင်းကြီးကိုမြင်နေရပါတယ်။
ကျမရဲ့ ကျောနောက်ဖက်က၀င်လုဆဲနေရောင်ခြည်ကြောင့် မြင်ကွင်းတွေ ဟာ
တစတစနဲ့ အရောင်ပြောင်းခဲ့ ပါတော့ တယ်။
ပြောင်းလဲလာခဲ့ တဲ့ အရောင်တွေနဲ့ အတူ
အော်… ဒီနေ့  လဲ ကျမတယောက်ထဲအိမ်ကိုပြန်ရအုံးမှာပါလားဆိုတဲ့  အသိကကျမတကိုယ်လုံးကိုနွမ်းလျစေခဲ့ ပါတယ်။
ဒါပေမဲ့ ..နက်ဖြန်ပေါင်းများစွာတိုင်းမှာ ကျမ.. ချစ်သူ့ အလာကိုမျှော်ဘို့  အတွက်
ဒီနေရာလေးကိုပြန်လာဘို့ အတွက်..
အင်အားလိုတယ်ဆိုတဲ့ အသိဟာကျမခြေလှမ်းတွေကိုမြန်ဆန်စေပါတယ်
နက်ဖြန်ဆိုတာရောက်ဘို့ ဒီနေ့ ကိုကျော်ဖြတ်နိုင်ရမယ်လေ။(မဟုတ်ဘူးလား)

ဒီလိုနဲ့ ဘဲ…….
နေ့ တနေ့ မှာ… အရင်နေ့ တွေကလိုဘဲ တောင်ကုန်းလေးပေါ်ရောက်လာခဲ့ ရ ပြန်ပြီ၊
အရင်နေ့  တွေလိုဘဲ လေတွေကတအားတိုက်နေတာပေါ့  မောင်ရယ်၊
စေတီလေးရဲ့ ဆည်းလည်းသံလေးတွေကလဲ..တချွင်ချွင်ပေါ့ ..
သာယာလိုက်တာ..မောင်သာ..ကျမ ဘေးနားမှာရှိရင် ..ပိုပြီးပြည့် စုံမှာ…

ကျမ ကိုနားမလည်နိုင်တဲ့ လူတွေကတော့  မေလေး တယောက်ရူးများသွားပြီလား တဲ့ ၊
ကိုယ့် ဆီမလာနိုင်တော့  တဲ့ လူတယေါက်ကို နေ့ စဉ်ရက်ဆက်၊
ဒီနေရာလေးက သွားစေါင့် စေါင့် နေလို့  တဲ့ ၊ သူတို့ မှမသိကြဘဲကွယ်၊
မောင်က ဂတိတွေအထပ်ထပ်ပေးခဲ့ တာ ၊
မောင့် ကိုကျမ ယုံတယ်၊
ဒီနေရာလေးမှာပြန်ဆုံကြမယ်နော် မေလေး ဆိုတဲ့ မောင့်စကားကိုသူတို့  ဖြင့်  မသိဘဲနဲ့ ၊

ဒီနေ့ တော့ အဖေပေးလိုက်လို့ ပါလာ တဲ့ အဝေးကြည့် မှန်ပြောင်းနဲ့ ၊လျှောက် ကြည့် နေလိုက်တယ်၊
အို---ဟို၇က်တွေကရောင်စုံပွင့် နေတဲ့ ပန်းလေးတွေ မှာ ပိုပြီးလန်းဆန်းနေသလိုပါဘဲ…
ပန်းလေးတွေကနေတဆင့် .. မြင်ကွင်းကိုရေကန်လေးဆီပြောင်းလိုက်တယ်၊
ဟင်--ရေကန်ထဲမှာလဲရေတွေ အပြည့် ဘဲ…..
အော်….ညက မိုးရွာထားတယ်လေ….
ဒီနေ့ လေတိုက်ပုံက..မိုးရွာဦးမယ့် ပုံဘဲ..
တိမ်တောင်တိမ်ရိပ်တွေက..မဲညို့ ညို့ ရယ်…..
မရွာပါနဲ့ ဦး………..မိုးရယ်…
ဘယ်တော့မှ …ထီးမကိုင်တတ်တဲ့ မောင် ..မိုးမိမှာစိုးလို့ ပါ…

သက်ပြင်း အသာချရင်း တောအုပ်လေးဆီ မှန်ပြောင်းလေးကိုရွှေ့ လိုက်တယ်၊
အဲဒီခနမှာဘဲ …ကျမရဲ့ လက်ကလေးတွေဟာ တဆတ်ဆတ်တုန်ခါလာခဲ့ ပါတယ်၊
ရင်ထဲမှာ တထိတ်ထိတ်နဲ့ ၊ဟုတ်ရဲ့ လား ?၊ သေချာရဲ့ လား?၊
မှန်ပြောင်းရဲ့  အနီးအဝေးခလုတ်ကို တုန်ရီနေတဲ့ လက်လေးနဲ့ ( မှန်ပြောင်းနဲ့ မျက်စေ့ လဲမခွါရဲဘဲ) ချိန်ကြည့် လိုက်တယ်၊
တလှုပ်လှုပ်နဲ့ ရွေ့ နေတဲ့  အရာတခု၊
လူတယောက်လို့  ယူဆ ရတယ်၊ဝေးလွန်းတော့  မသဲကွဲဘူး၊
ကျမ ကမျက်စိမှုန်လို့ မျက်မှန် တပ်ရတဲ့ သူ၊
အခုမှန်ပြောင်းကြည့် ဘို့ မျက်မှန်ဖြုတ်ထား၇တာ၊
မျက်မှန်တပ်ပြီးမှန်ပြောင်းနဲ့ ပြန်ကြည့် တော့  အဝေးအနီးပြန်ချိန်ရပြန်ရော၊
အဲဒီလို ၁-မိနစ်လောက်လေးအလုပ်ရှုပ်ပြီးမှ … ပြန်ကြည့် လိုက်တဲ့ အချိန်မှာ၊
ခုနက ကျမမြင်လိုက်တဲ့ အရာပျောက်သွားတယ်၊

ရင်ထဲမှာ ဟာကနဲဖြစ်သွားရင်း၊
ကမန်းကတန်း နဲ ရောင်စုံပန်းတွေကြား…
ရေတွေပြည့် နေတဲ့ ကန်လေးပတ်လည်၊
ပြီးတော့  ကျမရဲ့ လေးဖက်လေးတန်…ပတ်ပြီး မူးနောက်နေအောင် အငမ်းမရ ရှာနေမိတယ်၊
ဘယ်ရောက်သွားပြီလဲ?၊
ကျမ ငိုချင်လာမိတယ်၊
လက်ထဲကမှန်ပြောင်းကိုပစ်ချလိုက်ပြီး တောင်ကုန်းလေးပေါ်ကနေ ပြေးဆင်းလိုက်တယ်၊
ဒီအချိန်မှာဘဲ ..မိုးက ရွာချလာတယ်……
ကျမ ကို လှမ်းပြီး..သတိပေးရှာတဲ့ …ကျောင်းထိုင်ဆရာတော်..ကိုတောင်
လှည့် မကြည့် အားတော့ပါဘူး…စိတ်ထဲက ဦးချရင်း……
အရှိန်နဲ့ ပြေးဆင်းလိုက်တာ ..မိုးရေထဲမှာ…အလဲလဲအပြိုပြို၊
လဲနေရာကနေလူးလဲထ, ပြီးဆက်ပြေးတယ်၊(စီးလာတဲ့ ဖိနပ်တောင် ဘယ်နားကျွတ်ခဲ့ မှန်းမသိဘူး)
ရောင်စုံပန်းလေးတွေလဲ ကျမကြောင့်  ကြေမွခဲ့ ကြမှာ
ဒါပေမဲ့ လှည့် မကြည့် နိုင်ခဲ့ ဘူး၊ခွင့် လွှတ်ပါ ပန်းလေးတို့ ရယ်၊
မေလေး နဲ့  မောင်ပြန်လာပြုပြင်ပေးမယ်နော် လို့ 
တိုးတိုးလေးတောင်းပန်ခဲ့ ရတယ်၊
ရေကန်လေးနားကိုရောက်တော့  ကျမအရမ်းမောနေပြီ၊
တောအုပ်လေးရဲ့  အစပ်ကိုကြည့် ရင်းပြေးရင်း
ရုတ်တရက် …အင်္ကျီဖြူနဲ့ လူတယောက်ကိုကျမမြင်လိုက်တယ်၊
အခုတော့ ..သူကရပ်နေတယ်၊
ကျမ အဲဒီအချိန်မှာ ခလုတ်တခုတိုက်မိပြီး လဲကျသွားတယ်….
ဒူးမှာလဲ စူးကနဲ နာသွားတယ်၊
လက်ထောက်ပြီးထ, လိုက်ပြန်တော့ လက်ဖ၀ါးကိုတခုခု စူးသွားတာ အားကနဲတောင် အသံထွက်မိတယ်၊
ကြည့် လိုက်တော့ လက်ဖ၀ါးအလည်တည့် တည့် မှာ ဆူးကြီးတချောင်းစိုက်နေတယ်၊
ဝတ်ထားတဲ့ ထမိန်လေး လဲ စုတ်ပြတ်နေတော့ တယ်၊
ကျမတကိုယ်လုံးလဲ ..မိုးရေနဲ့ စိုရွှဲနေပြီ…

ကိစ္စမရှိဘူး..ဒါကအရေးမကြီးဘူး….၊
ဒါပေမဲ့ …မောင် ကအလှအပကြိုက်တော့  ဒီလိုဖရိုဖရဲ.. ဆို..မျက်မှောင်ကုတ်ပြီးကြည့် နေဦးမယ်၊
(မောင် က မကျေနပ်ရင် အလိုမကျရင် ဘာမှမပြောဘဲ ဒီလိုလုပ်နေကျလေ)
ဆံပင်လေးတွေသပ်ရပ်အောင် လက်ကလေးနဲ ကမန်းကတန်းသပ်တင်…
မိုးရေတွေစိုနေတဲ့ အ၀တ်အစားလေးသပ်ယပ်အောင်ဆွဲချ၊
ဟင် …..အင်္ကျီအဖြူလေးမှာလက်ကသွေးတွေနဲ့ မိုးရေတွေ၊ဖုံတွေနဲ့ ပေကုန်ပြီ၊
မတတ်နိုင်ဘူး…..၊ဆက်ပြေး၇ဦးမယ်လေ၊

မြင်ကွင်းကနီးလာပြီ၊
ကခ်င္လုံခ်ည္နဲ ့..ရွပ္အက်ႌအၿဖဴနဲ ့…
ဟင်..ဒါ …ကျမတို့ နှစ်ယောက်ခွဲတဲ့ နေ့ က
မောင် ၀တ်သွားတဲ့ အတိုင်းဘဲလေ၊(ပြီးတော့..ဒီနေရာလေး၊ဒီတောစပ်လေးမှာဘဲ..ခွဲခဲ့ ရတာလေ)
ဟွန်း …မောင်ကျတော့ အင်္ကျီလေးတောင်မလဲဘဲနဲ့ ၊
ဒါဆိုရင်.. ကျမပေရေစုတ်ပြတ်နေတာ မောင် သိတ်ပြောတော့ မယ်မထင်ဘူး၊
တော်ပါသေးရဲ့ လို့  သက်ပြင်းအသာချရင်း၊
မောင်ရပ်နေတဲ့ နေရာကို..လှမ်းကြည့် လိုက်တော့ 
မိုးရေတွေကြးထဲကနေ ..ရပ်နေတဲ့ မောင့် ကို..ကျမမြင်နေရပြီ…
မိုးရေထဲမှာ ကျမပြေးလာတာမောင်မတွေ့ ဘဲမနေဘူး၊
ဒါဆိုရင်…ဘာလို့  ဒီအတိုင်းရပ်ကြည့် နေရတာလဲကွယ်၊
အော်……သိပြီ၊သိပြီ…..
မေလေးကို အကြာကြီးခွဲထားပြီးမှ..အခုလိုရုတ်တရက်…မောင့်ကိုတွေ့ ရင်
အံ့ သြဝမ်းသာစိတ်နဲ့ ..ကျမဘာလုပ်နေမလဲသိချင်လို့ နဲ့ တူတယ်…
ဟုတ်သားဘဲ….ဟုတ်မှာပါ…..
နေ …နေ… မောင်ရေ.. အဲဒီမှာဘဲ ၇ပ်နေ၊သစ်ပင်အောက်မှာဆိုတော့ ..
မောင့် ကိုမိုးသိတ်စိုမှာမဟုတ်ပါဘူး…
ကျမနဲ့ မောင်လက်တကမ်းအကွာဘဲလိုတော့  တယ်၊
မောင်ေ၇ ..မေလေးမောင့် ကို မျှော်နေတာ၊ပျော်လိုက်တာ..မောင်ရယ်…လို့ 
အော်၇င်း..ကျမကို..ပြုံးကြည့် နေတယ်လို့ ထင်ရတဲ့ ..မောင့် ကိုပြေးဖက်လိုက်တယ်၊
ဟင်..မောင့် ရင်ဖတ်ကအင်္ကျီ အဖြူပေါ်မှာသွေးတွေလား၊?
ဒါပေမဲ့ ..ကျမမောင့် ကို လှမ်းဖက်လိုက်တဲ့ အချိန်မှာ
ရင်ထဲ နှလုံးသားထဲမှာ အေးကနဲ…ဟာကနဲဖြစ်သွားပြီး၊
ဘာဆိုဘာမှ…မဆုပ်ကိုင် မဖက်တွယ်မိဘဲ ပုံရက်သားကျခဲ့ ရပြီး
ကျမနားမှာ..အသံတွေသာကြားလိုက်ရပါတော့ တယ်၊
ကျမကြားလိုက်ရတဲ့ အသံတွေထဲက
သမီး သတိထား …..ဆိုတဲ့ အဖေ့  အသံ၊
ဒကာမလေး..သတိထား..ဆိုတဲ့ . ဆရာတော်ရဲ့ …အသံ……
အဖေ့ လက်ထဲကလွတ်ကျသွားတဲ့  စာရွက်လေးတရွက်က
မေလေးဘေးနားမှာ…မိုးရေနဲ့  မိုးလေတွေအကြားမှာဝဲပျံကျလာပါတယ်၊
ကွယ်လွန်သူ မောင်(-------) ရဲ့ ၁-နှစ်ပြည့်  အလှူ ၊
အမေတို့ ရဲ့ ပြည်သူတွေနဲ့ အတူ ၊
သမီးအမျှဝေ..ဂုဏ်ယူနိုင်ဘို့ ….ပို့ လိုက်တယ်၊ ဆိုတဲ့ 
မောင့် မိဘတွေဆီကစာ၊။
--------------------------------------------------------------------------------
မ,မမ။ ။ ။စက်တင်ဘာ၃၀ ရက်။၂၀၀၈၊
*၂၀၀၇ ခုနှစ်စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ
ကျဆုံးသွားရတဲ့ ….သံဃာတော်အရှင်မြတ်များနဲ့ အပြစ်မဲ့ ပြည်သူအားလုံးအတွက်..
တနှစ်ပြည့် အမှတ်တရ*။။။။။။။။

Monday, August 17, 2009

ဒေါ်အောင်ဆန်းစုကြည်အတွက်တောင်းလိုတဲ့ ဆု။









မင်္ဂလာကြက်သရေအပေါင်းနှင့်ပြည့်စုံတော်မူသော၊မေတ္တာတရားနှင့်ပြည့်ဝတော်မူသော၊
ခိုင်မာ၊တည်ကြည်မှုစိတ်ဓါတ်အပြည့်ရှိသော၊ကျမတို့ အားလုံးရဲ့ခေါင်းဆောင်။
အနှီခေါင်းဆောင်ဆိုသူကား ကျမတို့ ရဲ့ မြန်မာ့
လွတ်လပ်ရေးဗိသုကာကြီး လည်းဖြစ်၊မြန်မာ့တပ်မတော်ရဲ့ဖခင်ကြီးလည်းဖြစ်တဲ့ 
ဗိုလ်ချုပ်အောင်ဆန်းရဲ့ချစ်သမီး ဒေါ်အောင်ဆန်းစုကြည်..။
ကောင်းခြင်းမင်္ဂလာအဖြာဖြာသည် ထိုလူသားဒေါ်အောင်ဆန်းစုကြည်အပေါ်အစဉ်အမြဲကျရောက်နေပါစေသတည်း။
အန္တရာယ်အသွယ်သွယ်ကြီးငယ်မရွေးမှန်သမျှသည်..
ထိုအာဂလူသား ဒေါ်အောင်ဆန်းစုကြည် အပါးမှာ
ကျရောက်ကပ်ငြိခြင်းမည်သည့်အခါမျှမရှိပါစေသတည်း၊။
သူမသည် ကျမတို့ ပြည်သူအားလုံးအတွက် စံထားစရာပြယုဂ်ဖြစ်သည်။
ကျမတို့ ပြည်သူအားလုံးအတွက်သူမ၏ အနစ်နာခံမှုကို
ကျမတို့ အသိအမှတ်မပြုဘဲမနေနိုင်ချေ။
ဘဝတခုလုံးကိုနှစ်ပေါင်းများစွာရင်း၍ သူမပေးဆပ်နေတာဟာ
သူမချစ်သော အမိမြန်မာပြည်သူပြည်သားတွေအတွက်ကလွဲ၍ဘာမှမရှိခဲ့ပါ။
သူမသည်နိုင်ငံတော်ရဲ့အာဏာကိုရယူလိုစိတ်လဲမရှိခဲ့ပါ။
သူမသည် ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်အတွက်
ဇနိးမယားကောင်းတယောက်ဖြစ်ခဲ့ဘူးသော်လည်း ခင်ပွန်းဖြစ်သူရောဂါသည်းနေချိန်မှာလည်း
ခင်ပွန်းရှိရာတိုင်းတပါးသို့ သွားရောက်ခြင်းမရှိခဲ့ ပါ။
ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီးသည့်နောက်မှာတော့ သူမသည်မုဆိုးမတယောက်ဘဝကိုခံယူပြီး၊အဖမဲ့သားနှစ်ယောက်နဲ့ ပါ
အဆက်အသွယ်ဖြတ်တောက်ခံခဲ့ရသည်အထိနေခဲ့ရရှာသောမိန်းမတယောက်ဖြစ်သည်။
သူမ၏ဘဝကိုသူမ ချစ်သော တိုင်းပြည်လူထုအတွက်သာ ထာဝရမြှုပ်နှံထားလိုက်သောသူ။
သူမသည်လူသားတယောက်၊ဒိအပြင် သားနှစ်ယောက်မိခင်ဖြစ်သည့်အားလျော်စွာ သူမမွေးထုတ်ထားသောသားတွေကိုမချစ်ဘဲနေမည်မဟုတ်၊
သူမရဲ့ခင်ပွန်းကိုလည်းသူမ မချစ်မနှစ်သက်ဘဲနေမည်မဟုတ်။
သူမမှာခံစားတတ်တဲ့ နှလုံးသားရှိတဲ့ အတွက် သူမ မိသားစုအတွက် သူမ ခံစားနေရမှာအသေအချာပင်။
ဒါပေမဲ့ သူမရဲ့ပြည်သူတွေအတွက် အဲဒီမိသားစုနဲ့ ပါတ်သက်တဲ့ခံစားချက်မှန်သမျှကိုဘေးဖယ်ချထားခဲ့တဲ့ သူ။
သူမရင်ထဲမှာ ပြည်သူတွေအပေါ်ထားသောစေတနာ၊မေတ္တာကား..အံ့သြကုန်နိုင်ဖွယ်။
သာမန်လူသားမိန်းမ တွေမလုပ်နိုင်သောအနစ်နာခံ ၊ကိုယ်ကျိုးစွန့် မှုပင်ဖြစ်၏။၊
သွေးသံရဲရဲတိုက်ယူမှလွတ်လပ်ရေးရမယ်..ဆိုတဲ့ လမ်းစဉ်ကိုအစဉ်ထာဝရသွေဖီခဲ့သူ၊
ငြိမ်းချမ်းမှုကိုမြတ်နိုးသူ၊တွေ့ ဆုံဆွေးနွေးရေးကို အမြဲကမ်းလင့်ခဲ့တဲ့သူ။
မတရားတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုတဲ့ စကားမျိုးနဲ့ လဲအားပေးတတ်သူ၊
ပြည်သူတွေ မျှော်လင့်တကြီးနဲ့ စေါင့်စားနေတာတွေအတွက်
ရေလိုက်လွဲမှာစိုးလို့ ..အကောင်းဆုံးကိုမျှော်လင့်ရင်းနဲ့ အဆိုးဆုံးဆိုတာတွေအတွက်လဲ
ပြင်ဆင်ထားပါလို့ ..သတိပေးစကားပြောကြားတတ်တဲ့ သူ။
ဖခင်ဖြစ်သူက အသက်စတေးပြီးလွတ်လပ်ရေးကိုရယူပေးခဲ့သူ။
သူမကတော့သူမဘဝကိုပြည်သူတွေအတွက် သူမအသက်ရှင်စဉ်ကာလအတွင်းမှာ
အတတ်နိုင်ဆုံး၊အအေးချမ်းဆုံး၊စတေးနေတဲ့သူ။
သူမ မျက်နှာမှာအရီ၊အပြုံးတို့ ကိုတွေ့ ရတတ်သလို၊

အားမာန်အပြည့်ရှိတဲ့ခိုင်မာတည်ကြည်မှုကိုလဲတွေ့ ရတတ်ပါသည်။

သူမ သည် ပန်းများကိုဝေဆာစွာပန်လေ့ ရှိခဲ့ သူ။
အခုအခါမှာတော့ သူမ၏ခေါင်းပေါ်မှာပန်းတွေကိုမတွေ့ ရတော့ပါ။
သူမ မပန်ဘဲထားခြင်းသည် သူမစိတ်နှလုံး၏ခံစားချက်အမှန်ကိုပြည်သူတွေသိအောင်ပြနေသည့်နှယ်။
ဒီပဲယင်းအရေးအခင်းအပြီး..သေကံမရောက်သက်မပျောက် အိမ်ပြန်ရောက်ခါမှ
လုပ်ကြံခံရတဲ့ သူမကိုနေအိမ်အကျယ်ချုပ်နဲ့ အရေးယူခံရပြီးနောက်ပိုင်းသူမ၏အသံကို ပြည်သူတွေမကြားရတော့ပါ၊
အဲဒီနောက်ပိုင်း တခါတခါမှတွေ့ ရတတ်သောသူမ၏ဓါတ်ပုံများတွင် သူမ ပန်းမပန်ထားတော့ပါ။
သို့ ပေမဲ့ သူမ၏အရင်က ပြုံးရွှင်ရီမောနေခဲ့ သော ပုံရိပ်များသည်
ကျမတို့ ပြည်သူများ၏နှလုံးသားထဲတွင်ကားတသက်တာအတွက်ဖျက်မရအောင်စွဲထင်လျက်ရှိပါသည်။
သူမ၏အားပေးသံ၊မိန့် ခွန်းတို့ သည် ပြည်သူတို့ နားဝယ်ကြားယောင်ဆဲ။
သူမ၏ပြည်သူအပေါ်ထားရှိသောမေတ္တာသည် ရင်ဝယ်သားကဲ့သို့ နွေးထွေးလှ၏။
ပြည်သူတို့ က သူမအပေါ်ပြန်လည်ထားရှိသော မေတ္တာမူကားနှိုင်းပြစရာမရှိတော့ပါ။
ကျမတို့ အတွက်သူမကိုဘယ်လိုမှမမေ့နိုင်အောင်ဖြစ်စေခဲ့တဲ့မြင်ကွင်းကတော့ မြင်ရသူတိုင်းရဟန်းသံဃာတွေအပါအဝင်မျက်ရည်ကျရသည့်အဖြစ်၊

၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာ သူမအိမ်ရှေ့ ကိုချီတက်သွားရောက်ခဲ့တဲ့  သံဃာထုကို
သူမသည် သူမနေအိမ်ခြံဝမှာ မတ်တပ်ရပ်လက်အုပ်ချီကတော့ခဲ့တာကို အင်တာနက်စာမျက်နှာတွေကတဆင့်ပြည်သူတွေမြင်ခဲ့ရသည်။
ကျမအပါအဝင်မြင်ရသူအားလုံး ကြေကွဲနာကျင်စိတ်ဖြင့်မျက်ရည်ကျခဲ့ရသည်။

သံဃာ့အရေးအခင်းအပြီးမစ္စတာဂန်ဘာရီလာရောက်တွေ့ ဆုံစဉ်က သူမကိုပြည်သူတွေ ခနတာမြင်လိုက်ရ၏
အဲဒီတွေ့ ဆုံပွဲမှာတွေ့ ရတဲ့ သူမမျက်နှာသူမမျက်နှာမှာ ခံပြင်းတာထက်ကြေကွဲနေပုံ၊
မစ္စတာဂန်ဘာရီရဲ့ထူးမခြားနားဇါတ်ခင်းပုံကိုမကျေနပ်စိတ်ကြောင့် နောက်တခေါက်ဂန်ဘာရီလာချိန်၂၀၀၈ ခုနှစ်သြဂုတ်လမှာတော့ တွေ့ ဆုံဘို့ ကိုငြင်းဆိုခဲ့ သူ။
သူမကိုနေအိမ်အကျယ်ချုပ်သက်တမ်းကိုတိုးမြှင့်ရင်း နောက်ဆုံးတိုးမြှင့်လို့ မရဘဲ လွှတ်ပေးရမယ့်အချိန်ရောက်ခါမှ သေချာထောင်ချောက်ချ အကွက်ဆင်တာခံလိုက်ရပြန်သည်။
သူမသည် သူမခြံထဲခိုးဝင်ရောက်ရှိလာသူကို လူသားချင်းစာနာစိတ်ဖြင့် ကျွေးမွေးစေါင့်ရှောက်မိသောကြောင့်နောက်ထပ်နေအိမ်အကျယ်ချုပ် ၁၈ လ-အပြစ်ဒါဏ်ချခြင်းခံလိုက်ရပြန်သည်။
တရားကိုနတ်စေါင့်သည်..ဟုအဆိုရှိသော်ငြား..အခုခေတ်ကာလမြန်မာပြည်တွင်
တရားကိုစေါင့်သောနတ်များဘယ်ရောက်ကုန်သည်မသိပါ။
မည်သို့ ပင်ဖြစ်စေ ကျမကတော့ ဒီိစာအစပိုင်းမှာဆိုခဲ့ သည့်အတိုင်းသာ..
ရှင်တော်မြတ်ဘုရားထံပါးမှာ ဆီမီး၊ရေချမ်းနဲ့ သစ်သီး၊ပန်းတွေကပ်ရင်းတောင်းဆုပြုနေပါရစေ။
ဒီစာကိုဖတ်ရသူ ပြည်သူအပေါင်းဆန္ဒရှိလျှင် ကျမနဲ့ အတူတောင်းဆုပြုနိုင်ကြပါသည်။



ကောင်းခြင်းမင်္ဂလာအဖြာဖြာသည် ထိုလူသားဒေါ်အောင်ဆန်းစုကြည်အပေါ်အစဉ်အမြဲကျရောက်နေပါစေသတည်း။
အန္တရာယ်အသွယ်သွယ်ကြီးငယ်မရွေးမှန်သမျှတို့ သည်..
ထိုအာဂလူသား ဒေါ်အောင်ဆန်းစုကြည် အပါးမှာ မည်သည့်အခါမျှကျရောက်ကပ်ငြိခြင်းမရှိဘဲ၊
ကျောင်းသားသူငယ်၊လူငယ်လူရွယ်တို့ ၏မိခင်နှင့်တူသော၊ပြည်သူပြည်သားတို့ အတွက် ခေါင်းဆောင်ကောင်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်တယောက်အမြန်ဆုံးလွတ်မြောက်ပါစေသတည်း၊။။။။။။။။။။။။။။ ။

မေတ္တာအားဖြင့်
မေမြန်မာ…။။။။။။။။။။။။။
သြဂုတ်လ ၁၆ ရက် ၂၀၀၉။

Friday, July 3, 2009

ခံစားရတာတွေ ..........။



လူဆိုတာ မွေးဖွါးရာအရပ်တွေမတူကြဘူး၊ကြီးပြင်းရာ ပတ်ဝန်းကျင်လဲမတူကြဘူး၊အဲဒီလိုဘဲ ခံစားရတာတွေလဲမတူကြပါဘူး။


လူမှန်းသိတတ်စအရွယ်ကတဲက လိုချင်တာတွေအားလုံးရ ၊စိတ်ရဲ့ချမ်းသာခြင်းကိုယ်ရဲ့ ချမ်းသာခြင်းတွေပြည့်စုံပြီးကြီးပြင်းလာရတဲ့ အခြေအနေကိုပိုင်ဆိုင်နေရတဲ့သူတွေရှိသလို၊မွေးလာကတဲကမပြည့်မစုံတဲ့ မိသားစုမှာလူလားမြောက်ခဲ့ရတဲ့အတွက် စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲဖြစ်နေရတဲ့သူတွေလဲရှိပါတယ်။


တချို့ တချို့ သောသူတွေမှာတော့ လိုတာတွေအားလုံးပြည့်စုံနေပေမဲ့ စိတ်ဆင်းရဲနေတဲ့သူတွေရှိသလို လိုချင်တာတွေမရပေမဲ့လဲစိတ်ချမ်းသာတဲ့သူတွေရှိကြပါတယ်။


ဒါတွေအားလုံးရဲ့အခြေခံဟာ ခံစားမှု ကအရင်းခံတဲ့အတွက်..


ဒီဘလော့လေးကနေ ကိုယ့်ကိုသိတဲ့ သူတွေအားလုံး..ခံစားနေရတဲ့  ခံစားရမှုမှန်သမျှကို ရင်ဖွင့်ကြပါလားရှင်..။


ပျော်ရွှင်စရာဆိုလဲ ကိုယ်လဲပျော်ခွင့်ရရင်ပျော်ပါရစေ..။


ဝမ်းနဲကြေကွဲစရာဆိုလဲ ကိုယ်တတ်နိုင်သလောက်နှစ်သိမ့်ပါရစေ..။


Wednesday, February 18, 2009

နှုတ်ခွန်းဆက်

လှပတဲ့အိမ်မက်လေးတွေအကောင်အထည်ဖေါ်ဘို့ ..ကောင်းမြတ်တဲ့ စိတ်လေးတွေအရင်ထားကြရအောင်..။